ဦးစံမောင်သည်စာရေးသူ၏ Hero ဖြစ်ခဲ့သည်
ဆရာကြီးဦးမြရေးသားသော အဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း
စာမျက်နှာ - ၃၂၈ , ၃၂၉ , ၃၃၀
ဒေါက်တာမောင်မောင်သည်မန္တလေးမြို့ရှိထိုစဉ်ကနံမည်ကြီးဖာသာလဖုန်းကျောင်းထွက်မဟုတ်။မြန်မာကျောင်းတွင်ကျောင်းတက်ခဲ့သည်။၎င်း ၁၀ တန်းအောင်သော ( ရိုးရိုးစကားဖြင့် ဆိုခြင်းဖြစ်သည် ။ ) ၁၉၄၁ ခုနှစ်တွင်ဦးစံမောင်သည်စက်ရှင်မင်းကြီး(ထိုစဉ်ကနှုတ်ကျိုးနေသောအခေါ်အဝေါ် )ဖြစ်နေပေပြီ။
၁၉၄၈ ခုနှစ်တွင်ဒေါက်တာမောင်မောင် BL စာမေးပွဲအောင်စဉ်ကဦးစံမောင်သည်လွတ်လပ်သောမြန်မာနိုင်ငံ၏အသစ်စက်စက်တရားလွှတ်တော်၌တရားဝန်ကြီးအဖြစ်စီရင်ချက်ရေးလျက်ရှိသည်။
၁၉၄၈ ခုနှစ်စီရင်ထုံးစာအုပ်၌ဦးစံမောင်ချမှတ်သောစီရင်ချက်အများအပြားကိုထုံးပြုထားကြောင်းတွေ့မြင်နိုင်သည်။
၁၉၆၂ခုနှစ်တွင်ဒေါက်တာမောင်မောင်တရားရုံးချုပ်တရားသူကြီး (တရားဝန်ကြီး )ဖြစ်လာသောအခါဦးစံမောင်သည်၁၉၆၂ ခုနှစ်နှစ်ဆန်း၌ဖျက်သိမ်းလိုက်သောတရားလွှတ်တော်တွင် တရားဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သည်မှာ ၁၄ နှစ်ကျော်ပါပြီ။
ထုံးပြုသော၎င်း၏စီရင်ချက်များသည်တထောင်လောက်ရှိပါသည်။
တရားရုံးချုပ် ( ၁၉၆၂ - ၁၉၇၃ ) တွင်တရားသူကြီးချုပ် (တရားဝန်ကြီးချုပ် )ပြီးလျှင်ဝါအရင့်ဆုံးတရားသူကြီးဖြစ်သည်။
တစ်ဖက်တွင်ဒေါက်တာမောင်မောင်သည် ၁၉၆၂ ခုနှစ် ၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် တရားရုံးချုပ်တရားသူကြီး ဖြစ်လာပြီးနောက် သြဂုတ်လ ၃၁ ရက်နေ့တွင် ၎င်းချမှတ်သော စီရင်ချက်ကို 1962 BLR ( CC ) 29 ( ပြစ်မှု ) တွင်ထုံးပြုထားသည်ကို တွေ့ရသည် ။
1962 BLR ( CC ) 479 ( ပြစ်မှု ) တွင်ထုံးပြုထားသော စီရင်ချက်၌-
"တရားဥပဒေစိုးမိုးသောကျွန်ုပ်တို့နိုင်ငံတွင်ဥပဒေအတွင်းကသာလျှင်တရားစီရင်ရမည်ဖြစ်သည်သို့မှသာလျှင်သြဇာရှိသူ ၊ မရှိသူ ၊ ဆင်းရဲသူ ၊ ချမ်းသာသူ ၊ အယုတ်အလတ်အမြတ်မရွေးတူညီမျှတသောဘဝကိုရရှိကြမည်ဖြစ်သည် ။ "ဟူသောတရားစီရင်ရေးမူတစ်ရပ်ကို ညွှန်ပြခဲ့သည် ။
ဥပဒေပညာရှင်တို့မှတ်သားရာ၏။
1963BLR217စီရင်ထုံးတွင်ထုံးပြုထားသောစီရင်ချက်ကိုရေးသားချမှတ်စဉ်ကဒေါက်တာမောင်မောင်သည်တရားသူကြီးလုပ်သက်တစ်နှစ်ပင်မပြည့်သေးပါ။
ထိုစီရင်ချက်ချမှတ်သည့်၁၉၆၃ ခုနှစ်၌ဒေါက်တာမောင်မောင်ကျောင်းမတက်မီကပင်ဦးစံမောင်စီရင်ချက်များရေးသားချမှတ်လာခဲ့သည်မှာနောကျေနေပါပြီ။
စာရေးသူတရားသူကြီးပေါက်စဘဝကလက်ဦးဆရာဖြစ်သောခရိုင်တရားမနှင့်စက်ရှင်တရားသူကြီး၏စီစဉ်ပေးချက်အရဟင်္သာတခရိုင်တရားမတရားသူကြီးဦးစံမောင်အင်္ဂလိပ်ဘာသာဖြင့်ရေးသားစီရင်ခဲ့သောစီရင်ချက်များကိုကိုယ်တွေ့ဖတ်ခဲ့ရပါသည်။
ဦးစံမောင်သည်စာရေးသူ၏ Hero ဖြစ်ခဲ့သည်။
တရားသူကြီးဒေါက်တာမောင်မောင်နှင့်တရားသူကြီးဦးစံမောင်တို့ရေးသားစီရင်ခဲ့သောစီရင်ချက်နှစ်ရပ်ကိုဤစာအုပ်တွင်ပွဲထုတ်ပြရာ၌ရည်ရွယ်ချက်တစ်ရပ်ရှိပါသည်။
စီရင်ချက်များကိုအရသာခံပြီးအကြိမ်ကြိမ်ဖတ်ကြည့်ပါ။
ရင်ကြားစေ့၍မရလောက်အောင်တစ်ယောက်တစ်ပေါက်သက်သေခံချက်များ ( ဦးစံမောင်က little room for compromise ဟု ပြဆိုသည်။
ဒေါက်တာမောင်မောင်က a wide area of sharp ( စာရေးသူ ကိုးကားသော အဘိဓာန် စာမျက်နှာ ၁၂၆၆ တွင် သိသာသော ၊ ထင်ရှားပြတ်သားသောဟု ဘာသာပြန်သည် ။ ) controversy . ဟု တင်စားသီကုန်းသည် ။ ) ကို နက်နက်နဲနဲ ကြောင်းကျိုးဆင်ခြင်ပြခြင်းသည် ( 1892 ) 20 Cal 93 ( PC ) စီရင်ထုံး၌ ( 6 Ran 586 ( 589 ) အမှုတွင် ကိုးကားသော ပရီဗီကောင်စီ စီရင်ထုံး ) ရည်ညွှန်းသည့် soundness of findings of fact ( အကြောင်းခြင်းရာဆိုင်ရာ ကောက်ချက်ချခြင်းတို့၏ ပိုင်နိုင်မှု ၊ ခိုင်မာမှု ) ဟူသော ပြဆိုချက်ကို ထင်ဟပ်သည် ။
တရားသူကြီးနှစ်ဦး၏ လှပသော အင်္ဂလိပ်စာအရေးအသား ၊ သက်သေခံတို့မှ ယုတ္တိယုတ္တာရှိသော ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ရပ်ကို စိစစ်ထုတ်ယူခြင်း ၊ သက်ဆိုင်ရာဥပဒေနှင့် ချိတ်ဆက် ဆုံးဖြတ်ခြင်း အရေးအရာတွင် စီရင်ချက်နှစ်ရပ်မှာ သူမသာ ကိုယ်မသာ ဖြစ်သည်ကို တွေ့မြင်နိုင်သည် ။
မြန်မာစာအဖွဲ့က ပြုစုသော မြန်မာ - အင်္ဂလိပ် အဘိဓာန် ( ၁၉၉၃ ခုနှစ်ထုတ် ) စာမျက်နှာ ၂၇၇ တွင် ပိန်မသာ လိမ်မသာ ဟူသော စကားရပ်ကို having little or no difference in ability , quality . ဟု ပြဆိုထားချက်ကိုလည်းကောင်း ၊ မြန်မာစာအဘိဓာန် အကျဉ်းချုပ် ( ၁၉၇၉ ခုနှစ်ထုတ် ) အတွဲ ၃ ၊ စာမျက်နှာ ၄၃ ၌ " တစ်ခုနှင့်တစ်ခုနှိုင်းယှဉ်ရာတွင် မည်သည့်ဘက်ကမျှ ပိုသာသည်ဟု မဆိုနိုင်ပဲ" ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလည်းကောင်း နှလုံးသွင်းကာ အချင်းဖြစ်စီရင်ချက် နှစ်ရပ်ကို ခံစားလေ့လာစေချင်သည် ။
လူသာပဓာနဖြစ်ကြောင်း သိမြင်လာအောင်ဖတ်ပါ ။
လုံ့လဥဿဟထုတ်ရာ၌စံတင်ရသောမဟာဇနက္ကကို ညွှန်ပြလျှင်ဘုရားအလောင်းတော်ဖြစ်၍မမှီနိုင်ပါဟု ဆင်ခြေပေးပေလိမ့်မည်။
ဒေါက်တာမောင်မောင်သည်အထက်တန်းရှေ့နေတစ်ဦး၏သားဖြစ်သည်။
မွေးပေါက်ဖော်များသည်။
သာမာန်ဘဝမှအိုင်စီအက် ( စ် )တရားသူကြီးဦးစံမောင်ကိုအံတုနိုင်ခဲ့သည်။
သူလိုလူ(ဂျာနယ်ကျော်မမလေး၏အသုံးအနှုန်း)ဖြစ်အောင်ကြိုးစားအားထုတ်လျှင်အချည်းနှီးမဖြစ်တန်ရာ။
မြန်မာနိုင်ငံ၏တရားစီရင်ရေးဖြစ်ထွန်းမှုကိုအနည်းနှင့်အများအထောက်အကူဖြစ်စေမည့်ပုဂ္ဂိုလ်ထူး အဖြစ်ဖြင့်အောင်မြင်မှုရမည်မှာမလွဲပါ။
Comments
Post a Comment