အခြားနိုင်ငံများမှစီရင်ထုံးများကိုရှေ့ထားကိုးကားလျှင်တရားစီရင်ရေးတွင်မြန်မာပီသမည်မဟုတ်ဟုပြဆိုခြင်းသည်အငြင်းပွားဖွယ်ဖြစ်သည်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1960BLR10အမှုတွင်နိုင်ငံခြာစီရင်ထုံးကိုကိုးကားဆုံးဖြတ်ခြင်းမပြုပါ။
အိန္ဒိယနိုင်ငံစီရင်ထုံးကိုကိုးကားသော တရားလွှတ်တော်ချုပ်၏စီရင်ထုံးမှ သက်ဆိုင်ရာထုံးဖွဲ့ချက်ကို ကောက်နုတ်ဖော်ပြခြင်းမျှသာဖြစ်သည်။
တရားရုံးချုပ်တရားသူကြီးက တရားလွှတ်တော်၏ပြဆိုချက်သည် ခရီးသွားဟန်လွှဲဆုံးဖြတ်ချက်ဖြစ်သည်ဟုဆိုကာ လိုက်နာခြင်းမပြု။
1969BLR58( S B )အမှုတွင် တရားလွှတ်တော်ချုပ်၏အဆိုအမိန့်ကို ကိုးကားခြင်းမပြုသော်လည်း တရားလွှတ်တော်ချုပ်နှင့် AIR 1951 ( S C ) 204 စီရင်ထုံးများတွင်ပြဆိုချက်များအတိုင်း အနှစ်သာရအားဖြင့် ဆုံးဖြတ်ရာရောက်သည်မှာမြင်သာပါသည်။
ဤအခြေအနေတွင် " အခြားနိုင်ငံများမှစီရင်ထုံးများကို လေ့လာကောင်းပါ၏။ သို့ရာတွင် မိမိရှေ့သို့ရောက်လာသောမှုခင်းများကို စစ်ဆေးစီရင်ရာတွင်ကား မှုခင်းဖြစ်ပျက် ၊ ကာလ ၊ ဒေသအခြေအနေ ၊ ပတ်ဝန်းကျင် ၊ လူနေမှု ၊ ဓလေ့ထုံးတမ်းစသည်တို့ကိုစစ်ဆေးဆင်ခြင်ကာ ဥပဒေဘောင်အတွင်းက မျှတမှန်ကန်၍ အများနားလည် သဘာဝကျသောတရားကိုစီရင်အပ်ပေသည်။ " ဟုထုံးဖွဲ့ခြင်းကို အငြင်းပွားရန်မရှိသော်လည်း အခြားနိုင်ငံများမှစီရင်ထုံးများကိုရှေ့ထားကိုးကားလျှင်တရားစီရင်ရေးတွင် မြန်မာပီသမည်မဟုတ်ဟုပြဆိုခြင်းသည်အငြင်းပွားဖွယ်ဖြစ်သည်။
5LBR76စီရင်ထုံး၌ ပရီဗီကောင်စီက 11 More . I . A 7 အမှု၌ပြဆိုသည့် တရားစီရင်ရေးမူတရပ်ကိုထုံးဖွဲ့ပြဆိုခဲ့ရာ မြန်မာနိုင်ငံတရားစီရင်ထုံးများတွင်အခါအားလျော်စွာထပ်တလဲလဲကိုးကားခဲ့ရာမှ 1997 BLR 1 အမှုတွင် ထိုမူကိုမြန်မာဘာသာဖြင့်ထုံးပြုကြသည်အထိဖြစ်ထွန်းခဲ့သည်။
စုံညီခုံရုံးစီရင်ထုံးသည်မြန်မာပီသခြင်းမရှိ၊နိုင်ငံခြားစီရင်ထုံးအငွေ့အသက်မပျောက်ဟုဆိုနိုင်ပါမည်လား။
၁၈၇၂ခုနှစ်ဇန္နဝါရီလ၄ရက်နေ့တွင်အောက်မြန်မာပြည်အထူးတရားရုံးက SJLB 1 အမှုကိုဆုံးဖြတ်စဉ်က မြန်မာနိုင်ငံတွင်ထုံးသာဓကမရှိသဖြင့် စီရင်ထုံးစာမျက်နှာ - ၃တွင် ပရီဗီကောင်စီစီရင်ထုံးတခုကိုကိုးကားဆုံးဖြတ်ခဲ့သည်။
ထိုစီရင်ထုံးနောက်ပိုင်းစီရင်ထုံးများတွင်လည်း အလားတူမြန်မာနိုင်ငံ၌ ထုံးသာဓကမရှိသည့်အမှုများ၌ နိုင်ငံခြားစီရင်ထုံးများကိုမှီငြမ်းပြုကာတရားစီရင်ရာတွင်မြန်မာနိုင်ငံတရားစီရင်ခြင်းတိုးတက်ဖြစ်ထွန်းလာသည်မှာမငြင်းနိုင်သောဖြစ်စဉ်ဖြစ်ပါသည်။
1954BLR ( S C ) 52 ( 57 ) အမှုတွင်ပြဆိုထားသည့်အတိုင်း ထုံးသာဓကမကိုးကားဘဲဆုံးဖြတ်ခြင်းသည်အတ္တနောမတိ မိမိသဘောအတိုင်းဆုံးဖြတ်ရာရောက်ပါလိမ့်မည်။
Comments
Post a Comment