1969 BLR 58 ( S B )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1969 BLR 58 ( S B )အမှုတွင်ထုံးပြုထားသောစီရင်ချက်ကိုရေးသူတရားသူကြီးချုပ်( ဒေါက်တာမောင်မောင် )သည်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်တည်ထောင်ခဲ့သောတရားလွှတ်တော်နှင့်တရားရုံးချုပ်၌အမှုထမ်းခဲ့သည့်တရားသူကြီးများတွင်၊စီရင်ချက်အရေးအသားကောင်းပြီး၊ခိုင်ခံ့သောကြောင်းကျိုးဆင်ခြင်ပြနိုင်သော၊လက်ချိုးရေရနိုင်သည့်တရားသူကြီးများစာရင်းတွင်ပါဝင်သူဖြစ်သည်။၎င်း၏ပညာကိုလေးစားသူများတွင်စာရေးသူလည်းပါဝင်သည်။
သို့ရာတွင် 1968 BLR 10 စီရင်ထုံးပါ၊အကြောင်းပြချက်များမှာမမှန်ကြောင်းဂဃဏနထောက်မပြဘဲ၊စီရင်ထုံးစာမျက်နှာ၆၃တွင်၊စာတပိုဒ်မျှဖြင့်အကြောင်းပြကာ၊ 1968 BLR 10 စီရင်ထုံးကိုပယ်ဖျက်ခြင်းသည်၊ 1952 BLR ( S C ) 44 ( ဒေါက်တာဆီးဂရေ့ဖ် )အမှု၌၊တရားလွှတ်တော်အယူခံရုံး၏အကြောင်းပြချက်ကိုစီရင်ထုံးစာမျက်နှာ၅၁တွင်ဖော်ပြပြီးနောက်၊စီရင်ထုံးစာမျက်နှာ၅၁နောက်ဆုံးစာနှစ်ပိုဒ်မှစ၍စာမျက်နှာ၅၃အထိအကိုးအကားဖြင့်၊အကျယ်တဝင့်အကြောင်းပြဆုံးဖြတ်ခြင်းတည်းဟူသောရှေးထုံးနှင့်ကွဲလွဲသည်ကိုတွေ့ရသည်။
ပရီဗီကောင်စီသည် 4 LBR 27 ( P C )အမှုကို၊၁၉၁၆ခုနှစ်၊ဒီဇင်ဘာလ၁၄ရက်နေ့၌အောက်မြန်မာပြည်တရားရုံးချုပ်တရားသူကြီးချုပ်နှင့်တရားသူကြီးနှစ်ဦးပါသောအထူးခုံရုံး( S B )၏အဆုံးအဖြတ်( စီရင်ချက်ကိုစီရင်ထုံးစာမျက်နှာ၂၈မှ၃၈တွင်အပြည့်အစုံဖော်ပြထားသည် )ကိုပယ်ဖျက်ရာ၌၊စီရင်ထုံးစာမျက်နှာ၃၇မှ၄၀တွင်၊တရားရုံးချုပ်ကသက်သေခံချက်များအပေါ်ကောက်ယူဆုံးဖြတ်ခြင်းသည်သက်သေခံအက်ဥပဒေပုဒ်မ၁၅၅နှင့်၁၅၇တို့ပါပြဌာန်းချက်များနှင့်မညီညွတ်ကြောင်းအကြောင်းပြလျက်အကျယ်တဝင့်စိစစ်ဆုံးဖြတ်ပါသည်။စီရင်ထုံးခေါင်းစီးကို ( D 1 C 502 )တွင်ဖော်ပြထားသည်။
4 LBR 27 ( P C )အမှုကိုဆုံးဖြတ်ပြီးနောက်၄၅နှစ်နီးပါးခန့်အကြာ 1952 BLR ( S C )44 အမှုကို၊နိုင်ငံတော်တရားဝန်ကြီးချုပ်( Sir Ba U )ဦးဆောင်သည့်ယခင်တရားလွှတ်တော်ချုပ်ကစီရင်ချက်ချမှတ်ရာ၌ပရီဗီကောင်စီက၊ကြောင်းကျိုးပြစီရင်သည့်ရှေးထုံးမပျက်၊အမှန်တရားကိုစီရင်ကြောင်းအများမြင်စေရာသည်၊ဟူသောဆောင်ပုဒ်နှင့်အညီတရားစီရင်ခဲ့သည်ဟုဆိုရပါမည်။
1969 BLR 58 ( S B )အမှုတွင်၊ 1952 BLR ( S C ) 44 စီရင်ထုံးပါ၊ဥပဒေသဘောကိုကိုးကားဆုံးဖြတ်ရန်ဝန်လေးပုံပေါ်သည်။
A I R 1951 ( S C ) 204 စီရင်ထုံးပါပြဆိုချက်ကိုလက်ခံရန်လက်တွန့်ပုံလည်းပေါ်သည်။
1969 BLR 58 ( S B )အမှုပါအဆိုအမိန့်သည်တရားရုံးချုပ်နောက်ဆုံးရက်များမှစ၍၊စာဖတ်အားလျော့နည်းလာသောရှေ့နေရှေ့ရပ်များကိုငိုချင်လျက်လက်တို့ဆိုသလိုဖြစ်သွားနိုင်သည်။စာဖတ်ရန်စာရေးသူ၏နှိုးဆော်ချက်မှာနားဝင်မည်မဟုတ်။ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ခရစ်ယာန်ဓလေ့ထုံးတမ်းဥပဒေဟုရဲရဲဝံ့ဝံ့လျှောက်လဲသောရှေ့နေမျိုးပေါ်ပေါက်လာမည်ဟုမည်သည့်ဥပဒေပညာရှင်မျှမျှော်လင့်မည်မဟုတ်။
မြန်မာနိုင်ငံစီရင်ထုံးများမှာဥပဒေများ၏မျက်နှာစာအရပ်ရပ်မလွှမ်းခြုံမိသေးသမျှကာလပတ်လုံး၊ဆိုင်ရာနိုင်ငံခြားစီရင်ထုံးများကိုအထိုက်အလျောက်လေ့လာရဦးမည်ဖြစ်သည်။
A I R 1951 ( S C ) 204 စီရင်ထုံးမှကောက်နုတ်ဖော်ပြခဲ့သည့်အဆိုအမိန့်မှာ၊မြန်မာနိုင်ငံစီရင်ထုံးများတွင်မရှိသေး။
1969 BLR 58 ( S B )အမှုတွင်ထိုထုံးဖွဲ့ချက်မျိုးကို၊တရားသူကြီးချုပ်( ဒေါက်တာမောင်မောင် )၏၊ပညာရင့်သမ္ဘာရင့်အတွေးအခေါ်ဖြင့်မြန်မာဘာသာဖြင့်ဝေဝေဆာဆာထုံးဖွဲ့ခဲ့ပါလျှင်၊တရားစီရင်ရေးကိုအထောက်အကူပြုစေပေလိမ့်မည်။
Comments
Post a Comment