တရားရုံးများနောက်ခံသမိုင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

တရားရုံးများနောက်ခံသမိုင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော်ပေါ်ထွန်းလာသောအခါတည်ထောင်ခဲ့သည့်တရားလွှတ်တော်ချုပ်​၏နိုင်ငံတော်တရားဝန်ကြီးချုပ်ဦးဘဦးသည်ဝတ်လုံဖြစ်ပြီး၊ကိုလိုနီခေတ်တရားလွှတ်တော်တွင်၁၉၃၀ပြည့်နှစ်မှစ၍၊သတ္တမမြောက်မြန်မာတရားဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်သည်။ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်နောက်အကျဆုံး၁၉၂၂ခုနှစ်မှစ၍တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

တရားလွှတ်တော်ချုပ်တရားဝန်ကြီးဝတ်လုံဦးဧမောင်မှာရှေ့နေချုပ်အဖြစ်မှ၊နဝမမြောက်မြန်မာတရားလွှတ်တော်တရားဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်သည်။

တရားလွှတ်တော်ချုပ်တရားဝန်ကြီးဝတ်လုံဦးကျော်မြင့်သည်ဒသမမြောက်၊မြန်မာတရားလွှတ်တော်တရားဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။၎င်းတို့နှစ်ဦးသည်တရားလွှတ်တော်တွင်ရှေ့နေလိုက်ခဲ့သောဝါရင့်ရှေ့နေကြီးများဖြစ်ကြောင်းစီရင်ထုံးများတွင်တွေ့မြင်နိုင်သည်။

လွတ်လပ်သောမြန်မာနိုင်ငံတရားလွှတ်တော်ကို၊ကိုလိုနီခေတ်တရားလွှတ်တော်၌၊အဌမမြောက်မြန်မာတရားဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သောဝတ်လုံဦးသိန်းမောင်က၊တရားလွှတ်တော်တရားဝန်ကြီးချုပ်အဖြစ်ဦးဆောင်သည်။၁၉၃၆ခုနှစ်မှစ၍ရှေ့နေချုပ်အဖြစ်ဆောင်ရွက်ခဲ့သူဖြစ်သည်။

ဝတ်လုံအဖြစ်မြန်မာနိုင်ငံသို့ပြန်ရောက်သောအခါဦးသိမ်းမောင်သည်၊ထိုစဉ်က၊တရားရုံးချုပ်တွင်ပထမဆုံးမြန်မာတရားသူကြီးဖြစ်သောဦးခင်အားသွားတွေ့ရာ၊ဦးခင်ကရန်ကုန်မြို့တွင်ဥပဒေဖမ်းများကိုရှေ့နေပေါက်စအနေဖြင့်ဝင်တိုးရန်မလွယ်ခြင်းကြောင့်နယ်တွင်ခြေကုတ်ယူရန်အကြံပေးသဖြင့်၊ပြည်ခရိုင်ပေါင်းတည်မြို့၌နေထိုင်ကာပြည်ခရိုင်တွင်ရှေ့နေလိုက်ပြီး၊နောက်နှစ်အနည်းငယ်အတွင်းရန်ကုန်မြို့သို့ပြောင်းရွှေ့ကာရှေ့နေလိုက်ရာ(၁၂-၈-၁၉၂၀နေ့တွင်ချမှတ်သောစီရင်ချက်ကိုထုံးပြုထားသည့်10LBR354အမှု၌ဦးသိမ်းမောင်သည်တရားရုံးချုပ်တွင်ရှေ့နေလိုက်ခဲ့သည်။)အောင်မြင်သောရှေ့နေတဦးဖြစ်ကြောင်းစီရင်ထုံးများတွင်၎င်းလိုက်ပါဆောင်ရွက်ခဲ့သောအမှုများကသက်သေခံလျက်ရှိသည်။

ဦးသိမ်းမောင်အနိစ္စရောက်သောအခါရန်ကုန်တက္ကသိုလ်အငြိမ်းစားပါမောက္ခချုပ်ဒေါက်တာထင်အောင်က၊ " The Nation " သတင်းစာတွင်၊ဦးသိမ်းမောင်သည်ပညာအလွန်တော်ကြောင်းချီးကျူးဂုဏ်ပြု( tribute )ခဲ့သည်။

အလျဉ်းသင့်၍ဆိုရလျှင်၊ဒေါက်တာထင်အောင်သည်၊ဝတ်လုံနှင့်အယ်(လ်)အယ်(လ်)ဘီစာမေးပွဲများကိုအောင်မြင်ခဲ့သူဖြစ်ပြီးရန်ကုန်တက္ကသိုလ်၌ဘီအယ်(လ်)သင်တန်းတွင်ဥပဒေပညာပို့ချခဲ့သည်။

၎င်း​၏အကိုအကြီးဆုံးဦးတင်ထွဋ်သည်ပထမဆုံးမြန်မာအိုင်စီအက်(စ်)(အုပ်ချုပ်ရေး)ဖြစ်သည်။

အစ်ကိုဦးကျော်မြင့်နှင့်အစ်ကိုဦးမြင့်သိန်းတို့သည်၊တရားလွှတ်တော်တရားဝန်ကြီးနှင့်နိုင်ငံတော်တရားဝန်ကြီးချုပ်အဖြစ်အသီးသီးထမ်းဆောင်ခဲ့ကြသည်။

ရှေ့နေချုပ်အဖြစ်မှတရားလွှတ်တော်တရားဝန်ကြီးအဖြစ်ခန့်ထားခြင်းခံရသောဝတ်လုံဦးထွန်းဖြူ၊ဝတ်လုံဦးအုန်းဖေ၊ဝါရင့်ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးများဖြစ်ကြသောအိုင်စီအက်(စ်)(အငြိမ်းစား)ဦးစံမောင်နှင့်ဦးသောင်းစိန်၊ဦးအောင်သာကျော်၊ဦးဘိုကြီးနှင့်အစိုးရရှေ့နေဝတ်လုံဦးအောင်ခိုင်တို့သည်အခြားတရားဝန်ကြီးများဖြစ်ကြသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ