အမှုရပ်စဲခြင်း(အပိုင်း၁၁)
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အမှုရပ်စဲခြင်း၊အပိုင်း၁၁
အယူခံဝင်ခွင့်ပြုကြောင်းချမှတ်သောအမိန့်မခိုင်လုံလျှင်၊အထူးအယူခံမှုမှာတရားမဝင်( incompetent )ခြင်း။
စိတ်ဝင်စားဖွယ်ကောင်းသောဥပဒေပြဿနာတရပ်ကိုဆက်လက်ဆွေးနွေးလိုသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က၂၀၁၄ခုနှစ်တရားမအထူးအယူခံမှုအမှတ်၁၀ကိုအပြီးသတ်ကြားနာသည့်အခါ၊အယူခံတရားပြိုင်များ၏ရှေ့နေကအယူခံတရားပြိုင်ဒေါ်အေးကွယ်လွန်ခြင်းအတွက်တရားဝင်ကိုယ်စားလှယ်ထည့်သွင်းခွင့်မရနိုင်ကြောင်း၊တရားမအထွေထွေလျှောက်လွှာ(အထူး)တင်သွင်းထားစဉ်ကာလအတွင်းဒေါ်အေးကွယ်လွန်သွားခြင်းကြောင့်တရားမအထွေထွေလျှောက်လွှာ(အထူး)လျှောက်ထားမှုမှာရပ်စဲသွားပြီဖြစ်ကြောင်း၊သို့ဖြစ်၍ဤတရားမအထူးအယူခံမှုသည်လည်းရပ်စဲသွားပြီဖြစ်ကြောင်းဦးစွာလျှောက်လဲတင်ပြရာ၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
"အယူခံတရားပြိုင်များ၏ရှေ့နေကအယူခံတရားပြိုင်ဒေါ်အေးကွယ်လွန်ခြင်းအတွက်တရားဝင်ကိုယ်စားလှယ်ထည့်သွင်းခွင့်မရှိတော့ကြောင်းဦးစွာတင်ပြချက်မှာ၊ကွယ်လွန်သူဒေါ်အေး၏နေရာတွင်တရားဝင်ကိုယ်စားလှယ်ထည့်သွင်းခွင့်ပြုရန်သင့်မသင့်ကြားနာဆုံးဖြတ်စဉ်ကတင်ပြခဲ့၍အဆုံးအဖြတ်ပေးပြီးဖြစ်သောကြောင့်ယခုထပ်မံတင်ပြရန်မလိုအပ်ဘဲတင်ပြခြင်းဖြစ်၍လက်ခံရန်အကြောင်းမရှိချေ။"
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအဆိုပါအထူးအယူခံတွင်ချမှတ်သော၂၃-၆-၂၀၁၄ရက်စွဲပါအမိန့်၊စာမျက်နှာ၃တွင်ဖြစ်စဉ်ကိုအောက်ပါအတိုင်းဖော်ပြထားသည်-
"မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၂၀၁၁ခုနှစ်၊တရားမကြီးမှုအမှတ်၅၉၇တွင်ဒေါ်အေးကဒေါ်အကျင်အပေါ်ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရာအမှုပလပ်ခံရသဖြင့်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့၂၀၁၃ခုနှစ်၊တရားမအယူခံမှုအမှတ်၁၈တွင်အယူခံဝင်ရောက်သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအယူခံမှုကိုခွင့်ပြုပြီး၊အချင်းဖြစ်မြေနှင့်မြေပေါ်ရှိနှစ်ထပ်တိုက်ဒေါ်အကျင်ကထက်ဝက်ခွဲဝေပေးစေရန်၂၄-၆-၂၀၁၃နေ့တွင်ပဏာမဒီကရီချမှတ်ခဲ့သည်။
ထိုပဏာမဒီကရီချမှတ်ပြီးနောက်
ဒေါ်အကျင်ကအထူးအယူခံဝင်ခွင့်ရရှိရန်၂၀၁၃ခုနှစ်၊တရားမအထွေထွေလျှောက်လွှာ(အထူး)အမှတ်၂၄၄တွင်၁-၈-၂၀၁၃နေ့၌လျှောက်ထားရာ၊၁၄-၁၁-၂၀၁၃နေ့တွင်လျှောက်လဲချက်ကြားနာခဲ့ပြီးနောက်၊၂၃-၁-၂၀၁၄နေ့တွင်အထူးအယူခံဝင်ခွင့်ပြုခဲ့သည်။
ထို့ကြောင့်ဤတရားမအထူးအယူခံမှုကို၄-၂-၂၀၁၄နေ့တွင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။"
ဒေါ်အေးသည်၂-၁၁-၂၀၁၃နေ့တွင်ကွယ်လွန်သည်ဟုအထက်ပါအမိန့်၊စာမျက်နှာ၄၌ဖော်ပြထားရာ၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်၂၀၁၃ခုနှစ်၊တရားမအထွေထွေလျှောက်လွှာ(အထူး)အမှတ်၂၄၄တွင်၊#လျှောက်လဲချက်ကြားနာသည့်၊၁၄-၁၁-၂၀၁၃နေ့မတိုင်မီ၊အထူးအယူခံဝင်ခွင့်ပြုရန်လျှောက်ထားသည့်အမှုမပြီးပြတ်မီကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
အမှုမပြီးပြတ်မီအမှုသည်တဦးဦးကွယ်လွန်သွားရာ၌တရားဝင်ကိုယ်စားလှယ်ထည့်သွင်းခြင်းမရှိစေကာမူအမှုရပ်စဲခြင်းမရှိဟု၊အမိန့်၂၂၊နည်း၆တွင်အောက်ပါအတိုင်း(မြန်မာဘာသာပြန်ဖြစ်သည်)ပြဌာန်းထားသည်-
"အထက်ပါနည်းဥပဒေများတွင်မည်သို့ပင်ပါရှိစေကာမူ၊တရားစွဲဆိုနိုင်ရန်အကြောင်းကျန်ရှိသည်ဖြစ်စေ၊မကျန်ရှိသည်ဖြစ်စေ၊အမှုကြားနာခြင်းအဆုံးသတ်ပြီးနောက်စီရင်ချက်မချမှတ်မီအတွင်း၊တဘက်ဘက်သောအမှုသည်သေဆုံးခြင်းကြောင့်အမှုရပ်စဲခြင်းမရှိစေရ၊ယင်းအမှုတွင်ထိုသို့သေဆုံးစေကာမူစီရင်ချက်ချမှတ်နိုင်သည်။ထို့ပြင်ယင်းစီရင်ချက်သည်မသေဆုံးမီချမှတ်သကဲ့သို့အတည်ဖြစ်၍အကျိုးသက်ရောက်စေရမည်။"
1946 RLR 225
Ma Hla Yi v. Ma Than Sein and others.
Before Sir Ernest H . Goodman Roberts , Kt. , Chief Justice , and Mr . Justice Dunkley.
အမှုတွင်ရှေ့နေရှေ့ရပ်များ၏၊လျှောက်လဲချက်များကိုကြားနာပြီးသောအခါအမှုကြားနာခြင်းအဆုံးသတ်သွားသည်ဟုပြဆိုထားရာ၊
၂၀၁၃ခုနှစ်၊တရားမအထွေထွေလျှောက်လွှာ(အထူး)အမှတ်၂၄၄တွင်
၁၄-၁၁-၂၀၁၃နေ့၌လျှောက်လဲချက်ကြားနာသောအခါ၊လျှောက်ထားခံရသူဒေါ်အေးသည်၂-၁၁-၂၀၁၃နေ့ကပင်ကွယ်လွန်ပြီးဖြစ်သည်။
တနည်းအားဖြင့်အမှုကြားနာခြင်းအဆုံးမသတ်မီဒေါ်အေးကွယ်လွန်သွားခြင်းကြောင့်ဖြစ်သည်။
သို့ဖြစ်၍၊အထူးအယူခံဝင်ခွင့်ပြုကြောင်း၊၂၃-၁-၂၀၁၄နေ့တွင်၊ချမှတ်သောအဆုံးအဖြတ်သည်အမိန့်၂၂နည်း၆အရခိုင်လုံသည်ဟုမဆိုနိုင်တော့။
Comments
Post a Comment