အပြီးသတ်အမိန့်၏အဓိပ္ပာယ်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အပြီးသတ်အမိန့်၏အဓိပ္ပာယ်
တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(က)ပါ" final "ဟူသောစကားလုံးကို၊
ပရီဗီကောင်စီက၊အဗ္ဗဒူ(လ်)ရာမန်အမှု၊ရန်ကုန်အတွဲ၁၁၊စာ၅၈စီရင်ထုံး၌အဓိပ္ပာယ်ဖွင့်ဆိုချက်ကို၊တရားရုံးချုပ်ကဒေါ်မြရင်အမှု၊၁၉၇၀မတစ၂၃၂စီရင်ထုံး၌၊ယခင်ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ၆ပါ"အပြီးသတ်"ဆိုသောစကားရပ်ကိုအဓိပ္ပာယ်ဖွင့်ဆိုရာ၌လက်မခံဘဲ၊ကွဲလွဲဆုံးဖြတ်သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကမည်သည့်အမြင်ကိုလက်ခံပါမည်လဲ?။
မြန်မာစာအဖွဲ့ဦးစီးဌာနကထုတ်ဝေသောအင်္ဂလိပ်-မြန်မာအဘိဓာန်(၂၀၀၆ခုနှစ်ထုတ်)စာမျက်နှာ၅၁၀တွင်" final "ဟူသောစကားရပ်ကို"နောက်ဆုံး"၊"အပြီးသတ်"ဟုမြန်မာဘာသာပြန်သည်။
မြန်မာစာအဖွဲ့ကထုတ်ဝေသောမြန်မာအဘိဓာန်အကျဉ်းချုပ်အတွဲ၅၊စာမျက်နှာ၈၈တွင်"အပြီးသတ်"(ကြိယာ)"ပြီးဆုံးစေသည်"၊"အဆုံးသတ်သည်"ဟုအဓိပ္ပာယ်ဖွင့်ဆိုပြီး"ဤဂါထာဖြင့်ဒေသနာတော်ကိုအပြီးသတ်တော်မူ၏"ဟုကျမ်းအကိုးအကားဖြင့်ဥပမာပြထားပါသည်။
ထိုစကားရပ်ကိုပင်(ကြိယာဝိသေသန)"ပြီးဆုံးသည့်တိုင်အောင်"၊"နောက်ဆုံး"ဟူ၍လည်းကောင်း(နာမ်)"ပြီးဆုံးခြင်း"၊"အဆုံးသတ်ခြင်း"ဟူ၍လည်းကောင်းအဓိပ္ပာယ်ဖွင့်ဆိုသည်။
၁၉၄၈၊မတစ၊၁၉၉အမှုတွင်၊တရားရုံးများ၏တာဝန်တရပ်မှာစကားလုံးများကိုအရှိအတိုင်းကောက်ယူကာ၊ပင်ကိုယ်အဓိပ္ပာယ်( natural meaning )ဆောင်စေရန်ဖြစ်သည်ဟု၊ယခင်တရားလွှတ်တော်ချုပ်ကထုံးဖွဲ့သည်။
၁၉၅၂၊မတစ(တရားလွှတ်တော်)၁၁၄အမှုတွင်"plain meaning"(ပေါ်လွင်သောအဓိပ္ပာယ်)ဟုပြဆိုထားသည်။
သို့ဖြစ်ရာတရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(က)ပါ" final order "သည်၊အမှုကိုအဆုံးသတ်သောအမိန့်ဟုအဓိပ္ပာယ်ရသည်မှာယုံမှားဖွယ်မရှိ။
အမှုတမှုတွင်အပြီးသတ်အမိန့်ချမှတ်လိုက်သောအခါနောက်ထပ်ဆောင်ရွက်ဖွယ်ရာမရှိတော့။
နောက်ထပ်အမိန့်ချမှတ်ရန်အကြောင်းမရှိ။
ဤသဘာဝကျသောအဓိပ္ပာယ်ကိုထောက်ချင့်ပါက၊မူလတရားရုံးအားမူလအမှုအမှတ်အရပြန်ဖွင့်ပြီး(အမိန့်၄၁၊နည်း၂၃ကိုကြည့်ပါ)အမှုကိုဆက်လက်စစ်ဆေးကြားနာကာ၊အမှုကိုအဆုံးသတ်သည့်အမိန့်ထပ်မံချမှတ်ရန်ညွှန်ကြားသောအယူခံတရားရုံး၏" remand "အမိန့်သည်အပြီးသတ်မဖြစ်နိုင်သေး။
မူလတရားရုံးကအမှုကိုဆုံးခန်းတိုင်စေသည့်အဆုံးအဖြတ်သာလျှင်အပြီးသတ်ဖြစ်ပေလိမ့်မည်။
ဒေါ်မြရင်အမှုတွင်၊မူလတရားရုံးကဒေါ်မြရင်အပေါ်စွဲဆိုသောအမှုမှာကာလစည်းကမ်းသတ်ကျော်လွန်သည်ဟုအကြောင်းပြကာအမှုကိုပလပ်သည်။
ထိုအဆုံးအဖြတ်သည်အပြီးသတ်အမိန့်ဖြစ်သည်မှာယုံမှားဖွယ်မရှိ။
တရားရုံးချုပ်က၊အမှုစွဲဆိုသူတရားလိုတင်သွင်းသောအယူခံတွင်၊စွဲဆိုသောအမှုမှာကာစည်းကမ်းသတ်မကျော်ဟုဆုံးဖြတ်ကာ" remand "အမိန့်ချမှတ်ရာ၊ထိုအမိန့်သည်ယခင်ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ၆၏အဓိပ္ပာယ်အရ"အပြီးသတ်အမိန့်"ဖြစ်သည်ဟု၊စီရင်ထုံးစာမျက်နှာ၂၃၂နှင့်၂၃၃တွင်၊အထူးခုံရုံးကဆုံးဖြတ်သောအဆိုအမိန့်များကိုပြဆိုထားသည်။
စီရင်ထုံးစာမျက်နှာ၂၃၂နှင့်၂၃၃ပါအဆိုအမိန့်များသည်မှားသည်ဟုမငြင်းနိုင်လောက်အောင်မှန်၏။
Comments
Post a Comment