ဒေါ်မြရင်အမှုတွင်ကာလစည်းကမ်းသတ်ပြဿနာနှင့်စပ်လျဉ်းသောငြင်းချက်သည်အမှုကိုဆုံးဖြတ်ရာ၌ပဓာနကျသောငြင်းချက်ဖြစ်သည်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဒေါ်မြရင်အမှုတွင်၊ကာလစည်းကမ်းသတ်ပြဿနာနှင့်စပ်လျဉ်းသောငြင်းချက်သည်အမှုကိုဆုံးဖြတ်ရာ၌ပဓာနကျသောငြင်းချက်ဖြစ်သည်။
ထိုစွဲဆိုသောအမှုကာလစည်းကမ်းသတ်ကျော်သည်ဟုဆုံးဖြတ်နိုင်လျှင်၊တရားမကြီးမှုကိုဆုံးခန်းတိုင်စေနိုင်ပြီး၊အခြားငြင်းချက်များကိုစစ်ဆေးရသည့်ဒုက္ခကိုအဆုံးသတ်နိုင်သည်မှာမှန်၏။
သို့ရာတွင်ကာလစည်းကမ်းသတ်ပြဿနာကိုဆုံးဖြတ်သောအယူခံတရားရုံး၏အမိန့်သည်တရားမကြီးမှုကိုအဆုံးသတ်စေနိုင်သည့်အမိန့်မဟုတ်နိုင်။
အဗ္ဗဒူ(လ်)ရာမန်စီရင်ထုံးအရဆိုလျှင်၊အယူခံတရားရုံး၏ရီမန်အမိန့်သည်၊ဒေါ်မြရင်တို့အပေါ်စွဲဆိုသောအမှုကိုအသက်ဆက်ပေးရာရောက်သည်။ထိုရှုထောင့်မှကြည့်လျှင်ဒေါ်မြရင်တို့အပေါ်စွဲဆိုသောအမှုသည်ဆုံးခန်းမတိုင်သေး။
ဒေါ်မြရင်အမှု၌၊အမှုကိုအပြီးသတ်စေသောပြဿနာ(စွဲဆိုသောအမှုကာလစည်းကမ်းသတ်ကျော်မကျော်ပြဿနာ)အပေါ်၊အယူခံရုံးက"အပြီးသတ်အမိန့်ကိုချမှတ်လျှင်ပုဒ်မ၆တွင်အကျုံးဝင်သောအပြီးသတ်အမိန့်ဖြစ်သည်"ဟုဆုံးဖြတ်သည်။
စွဲဆိုသောတရားမကြီးမှုဆုံးခန်းတိုင်ရောက်မသွားခြင်းကိုမူမဆင်ခြင်၊အယူခံရုံး၏အမိန့်ပြီးဆုံးခြင်းကိုသာအလေးထားသည်။
အကယ်၍အယူခံရုံးကမူလရုံးနည်းတူဒေါ်မြရင်တို့အပေါ်စွဲဆိုသောအမှုမှာ၊ကာလစည်းကမ်းသတ်ကျော်သည်ဟုဆုံးဖြတ်လျှင်၊၎င်းတို့အပေါ်စွဲဆိုသောအမှုကိုဆက်လက်ဆောင်ရွက်ရန်မရှိတော့၍၊အပြီးသတ်အမိန့်ဖြစ်မည်မှာယုံမှားဖွယ်မရှိ။
အယူခံတရားရုံးက၊စွဲဆိုသောအမှုကာလစည်းကမ်းသတ်မကျော်ဟုဆုံးဖြတ်ခြင်းကြောင့်၊မူလအမှုအသက်ဆက်နေသေးပါလျှက်၊အပြီးသတ်အမိန့်ဟုဆိုခြင်းသည်ကြောင်းကျိုးဆီလျော်ပါသလား?။
စွဲဆိုသောအမှုကိုအပြီးသတ်စေသောပြဿနာအပေါ်အယူခံတရားရုံး၏အမိန့်တိုင်းသည်အပြီးသတ်အမိန့်မဟုတ်နိုင်။
အယူခံတရားရုံးကစွဲဆိုသောအမှုကိုအနိုင်ပေးပါမှ၊သို့မဟုတ်၊အမှုကိုအရှုံးပေးပါမှအပြီးသတ်အမိန့်ဖြစ်သည်။ဤကားသဘာဝယုတ္တိရှိသောအဖြေဖြစ်သည်။
ဒေါ်မြရင်အမှုတွင်၊ဒေါ်မြရင်တို့အပေါ်စွဲဆိုသောအမှုကာလစည်းကမ်းသတ်ကျော်သည်ဟုအထူးခုံရုံးကတွေ့မြင်ပုံပေါ်သည်။အခွင့်ထူးအယူခံတွင်တရားရုံးချုပ်၊အယူခံတရားရုံး၏"remand"အမိန့်ကိုပယ်ဖျက်ပြီး၊အမှုကိုကာလစည်းကမ်းသတ်ပြဿနာအရပလပ်လိုက်ပါလျှင်၊အမှုသံသရာရှည်ခြင်းကိုအဆုံးသတ်နိုင်ကောင်း၏ဟုယူဆဟန်တူသည်။
သို့ဖြစ်၍ကာလစည်းကမ်းသတ်ပြဿနာအပေါ်တွင်တရားရုံးချုပ်အယူခံ၌ဆုံးဖြတ်ပုံမှားယွင်းနေလျှင်အမှုကိုအမြန်ဆုံးပြင်ပေးရန်အမြင့်ဆုံးအယူခံအဆင့်အထိတက်ရောက်သင့်သည်ဟုအထူးခုံရုံးကဆင်ခြင်ခြင်းဖြစ်သည်။
တနည်းဆိုရပါက"remand"အမိန့်ချမှတ်လိုက်သောစီရင်ချက်တွင်ဆုံးဖြတ်သည့်အကြောင်းအရာသည်အမှုကိုအပြီးသတ်စေနိုင်သည့်ပြဿနာဖြစ်ခြင်းကို၊အထူးခုံရုံးကအလေးထားဆင်ခြင်အကြောင်းပြခြင်းဖြစ်ကြောင်းမြင်သာသည်။
8 Ran 441အမှုတွင်၊တရားလွှတ်တော်ကအယူခံ၌ဆုံးဖြတ်ရန်ပြဿနာမှာ၊တရားစွဲဆိုရန်အကြောင်းသည်တရားလိုအမှုစွဲဆိုဆဲ၌လူမွဲအဖြစ်ကြေညာခံရခြင်းကြောင့်ပစ္စည်းထိန်းဝန်ထံသက်ရောက်ခြင်းရှိမရှိဖြစ်သည်။
သက်ရောက်ခဲ့ပါလျှင်၊လူမွဲပစ္စည်းထိန်းဝန်အမှုသည်အဖြစ်မပါသောအမှုကိုပလပ်ရန်ဖြစ်မည်။ထိုသို့သက်ရောက်ခြင်းမရှိခဲ့လျှင်မူ၊တရားလိုသည်အမှုကိုဆက်လက်ဆောင်ရွက်ခွင့်ရှိမည်ဖြစ်သည်။
Comments
Post a Comment