စီရင်ထုံးများကိုကိုးကားရာ၌
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
စီရင်ထုံးများကိုကိုးကားရာ၌၊ FB(စုံညီ)၊ DB(ခုံရုံး)စသည်ဖြင့်ဖော်ပြခြင်းသည်အကြောင်းရှိပါသည်။
တချိန်ကတရားလွှတ်တော်ရုံးထိုင်တရားသူကြီးတဦးသည်၊အခြားတရားသူကြီးတဦးချမှတ်သောစီရင်ထုံး၊စီရင်ချက်နှင့်ကွဲလွဲဆုံးဖြတ်ခွင့်ရှိသဖြင့်၊ထိုသို့သဘောကွဲလွဲသောစီရင်ထုံးအများအပြားရှိသည်။
အောက်ရုံးများအနေဖြင့်၊မိမိမှန်သည်ဟုသဘောရရှိသောစီရင်ထုံးကိုလိုက်နာဆုံးဖြတ်ခွင့်ရှိသည်။ 1957 BLR ( HC ) 259 စီရင်ထုံးကိုကြည့်ပါ။
တရားလွှတ်တော်ခုံရုံးတရုံးသည်၊အခြားခုံရုံးကဆုံးဖြတ်ထားသောစီရင်ထုံးနှင့်ကွဲလွဲဆုံးဖြတ်ခွင့်မရှိ။
ခုံရုံးတရုံး၏အဆုံးအဖြတ်မှားယွင်းသည်ဟုယူဆပါက၊နောက်ခုံရုံးသည်မိမိတို့မှားယွင်းသည်ဟုယူဆသောခုံရုံးတရုံး၏အဆုံးအဖြတ်ကို၊စုံညီခုံရုံးကပြန်လည်စိစစ်အဆုံးအဖြတ်ပေးရန်၊တရားသူကြီးချုပ်ထံတင်ပြခွင့်သာရှိသည်။
သာဓကကို၊ 1937 RLR 375 ( FB )အပါအဝင်၊စီရင်ထုံးများတွင်တွေ့မြင်နိုင်ပါသည်။
ခုံရုံး၏အဆုံးအဖြတ်ခိုင်ခန့်မှုရှိခြင်းကြောင့်၊သတိမူနိုင်ရန်တကူးတကရှာဖွေဖော်ပြခြင်းဖြစ်သည်။
ဥပဒေပြဿနာတရပ်ကိုဆုံးဖြတ်ရန်ရှိသည့်အခါ၊ဆိုင်ရာတရားသူကြီးသည်စီရင်ထုံးပေါင်းချုပ်၁မှစ၍နောက်ဆုံးစာအုပ်အထိတွင်၊ယင်းကိစ္စနှင့်စပ်လျဉ်း၍ထုံးသာဓကရှိမရှိရှာသင့်သည်။
ထုံးသာဓကရှိပါလျက်၊မလေ့လာမိ၍မှားယွင်းခြင်းသည်ဖြစ်ကောင်းသောကိစ္စမဟုတ်သည်ကိုသတိချပ်သင့်သည်။
တရားရုံးများတွင်ဆောင်ရွက်ရသည့်လုပ်ငန်းအရပ်ရပ်အတွက်၊လုပ်ထုံးလုပ်နည်းကိုပြဌာန်းနိုင်သည်မဟုတ်၍၊စီရင်ထုံးများကိုလေ့လာခြင်းဖြင့်၊ရှေးအခါကရှေ့နေကြီးများ၏ဆောင်ရွက်ချက်တို့ကိုအတုခိုးရန်အခွင့်အလမ်းရနိုင်သည်ကိုသတိချပ်ရန်လိုသည်။
ဥပဒေပညာရှင်တို့သည်၊တရားဥပဒေတို့၏မျက်နှာစာအရပ်ရပ်ကိုဆင်ခြင်တတ်မှသာအဖြေမှန်ရနိုင်သည်ကို၊သတိပြုရန်ဖြစ်သည်။ဥပဒေအပြောကျယ်သည်မှာအမှန်ဖြစ်ကြောင်း၊စာရေးသူ၏ဆွေးနွေးချက်များကိုထောက်ရှုပါကကောင်းစွာအကဲခတ်နိုင်သည်။
အလျဉ်းသင့်၍စီရင်ထုံးများပြုစုထုတ်ဝေပုံကိုဆက်လက်ဆွေးနွေးလိုသည်။
၁၉၇၃ခုနှစ်စီရင်ထုံးအထိ၊စီရင်ထုံးများကိုပြုစုထုတ်ဝေသည့်အဖွဲ့တွင်၊တရားလွှတ်တော်၊တရားရုံးချုပ်တရားသူကြီးချုပ်ကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သောအဖွဲ့တွင်၊တရားလွှတ်တော်၊တရားရုံးချုပ်တရားသူကြီးနှစ်ဦး၊နိုင်ငံတော်ရှေ့နေချုပ်၊ဝါရင့်ရှေ့နေနှစ်ဦး၊တရားလွှတ်တော်မော်ကွန်းထိန်း၊စာပြုနှင့်စာတည်းတို့ပါဝင်သောအဖွဲ့ကရွေးချယ်ကြပါသည်။
ထုံးပြုရန်စီရင်ချက်များကိုရွေးချယ်သောစာပြုနှင့်စာတည်းတို့သည်၊ခိုင်ခံ့သောစီရင်ချက်များကိုရွေးချယ်ရန်တာဝန်အရှိဆုံးပုဂ္ဂိုလ်များဖြစ်ကြသည်။
ပရီဗီကောင်စီနှင့်တရားလွှတ်တော်ချုပ်၏စီရင်ချက်တိုင်းကိုထုံးပြုသည့်အစဉ်အလာရှိခဲ့သည်။
ထုံးပြုနိုင်လောက်အောင်လည်း၊အဆိုပါစီရင်ချက်များမှာခိုင်လုံကြသည်။
၁၉၂၅ခုနှစ်ထုတ်၊ရန်ကုန်အတွဲ၃စီရင်ထုံးတွင်၊ဒေါက်တာဧမောင်(နောက်ပိုင်း၌တရားလွှတ်တော်တရားသူကြီး)ကလည်းကောင်း၊၁၉၅၇ခုနှစ်ထုတ် 1957 BLR စီရင်ထုံးတွင်၊ဒေါက်တာမောင်မောင်(နောက်ပိုင်း၌တရားရုံးချုပ်တရားသူကြီးချုပ်)တို့ကလည်းကောင်း၊စာပြုအဖြစ်ဆောင်ရွက်ခဲ့ကြောင်းတွေ့ရသည်။
1947 BLR စီရင်ထုံးများအထိ၊မြန်မာရှေ့နေများစာတည်းအဖြစ်ဆောင်ရွက်ကြသည်ကိုမတွေ့ရ။
စာတည်းများအဖြစ်ဆောင်ရွက်ကြသူများသည်၊ဝါရင့်ရှေ့နေကြီးများဖြစ်ကြသည်။
Comments
Post a Comment