မမှားသောရှေ့နေမရှိသကဲ့သို့မမှားသောတရားသူကြီးလည်းမရှိ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
"မမှားသောရှေ့နေမရှိသကဲ့သို့မမှားသောတရားသူကြီးလည်းမရှိ"ဟု၊ဒေါ်မြရင်ပါ၅နှင့်ဒေါ်စော၊ 1970 BLR 232 ( SB ) အမှု၌မြွက်ဆိုချက်မှာမှန်ကန်ကြောင်း၊၁၈၇၂ခုနှစ်မှစ၍ထုတ်ဝေသောစီရင်ထုံးသမိုင်းကိုလေ့လာပါကတွေ့မြင်နိုင်ပါသည်။
အောက်ရုံးများ၏အမှားဆုံးဖြတ်ချက်များကို၊မြန်မာနိုင်ငံအဆင့်မြင့်တရားရုံးအသီးသီးကပယ်ဖျက်ပြီး၊အမှန်ကိုစီရင်ရာ၌ဆိုင်ရာအမှုသည်များ၏နစ်နာမှုကိုကုစားနိုင်ခဲ့ပါသည်။
သို့သော်အဆင့်မြင့်တရားရုံးများ၏မှားသောထုံးဖွဲ့ချက်များကို၊နောက်ပိုင်း၌ခုံရုံး(DB)၊အထူးခုံရုံး(SB)၊စုံညီခုံရုံး(FB)နှင့်ပရီဗီကောင်စီအသီးသီးတို့ကပယ်ဖျက်ရာတွင်မူ၊ပယ်ဖျက်လိုက်သောစီရင်ချက်များအရ၊ထိခိုက်မှုကိုနောက်အမှုများကကုစားပေးနိုင်ခြင်းမရှိ။
2001 BLR 290 ( SAB )အမှုတွင်ချမှတ်သောစီရင်ချက်အရ၊တရားလိုသည်ရာသက်ပန်ထိခိုက်နစ်နာရသည်။
ဥပဒေအမှန်ကိုဖော်ထုတ်ဆုံးဖြတ်သော၊ 2012 BLR 149 စီရင်ထုံးသည်၊အဆိုပါတရားလို၏နစ်နာမှုကိုကုစားမပေးနိုင်။
နောက်ပိုင်း၌ပယ်ဖျက်ခြင်းမပြုမီကြားကာလတွင်၊မှားယွင်းသောစီရင်ထုံး၊စီရင်ချက်များ၌၊မှားယွင်းစီရင်မှုများကြောင့်နစ်နာသောအမှုသည်များရင်စီးခံခဲ့ရသည်များအထိုက်အလျောက်ရှိနိုင်သည်။
နောက်ပိုင်းအမှုသည်များကသာလျှင်ထိုမှန်ကန်သောစီရင်ချက်များ၏အသီးအပွင့်တို့ကိုခံစားကြရသည်။
အထက်ပါအဆိုအမိန့်မှာတရားသူကြီး၏အမှားကိုခွင့်လွှတ်ရန်ရည်စူးမြွက်ဆိုခြင်းမဟုတ်ပါ။
"To err is human "ဆိုရိုးသည်၊အမှားစီရင်သောတရားသူကြီးကိုကာကွယ်သောဆောင်ပုဒ်မဟုတ်ပါ။လူသား၏စရိုက်တမျိုးကိုပုံဖော်ပြဆိုခြင်းမျှသာဖြစ်သည်။
အမှားကိုစီရင်ခြင်းသည်၊ဆိုင်ရာအမှုသည်များကိုသာထိခိုက်နစ်နာစေသည်မဟုတ်။
တရားစီရင်ခြင်းတွင်ပြည်သူတို့၏ယုံကြည်အားထားမှုကို၊အနည်းနှင့်အများထိပါးသည်ကို၊တရားသူကြီးတိုင်းစီရင်ချက်မချမီဆင်ခြင်သင့်သည်။
နှစ်ဖက်သောအမှုသည်များကအမှန်တရားကိုစီရင်မည်ဟု၊သနားစဖွယ်မျက်လုံးအစုံဖြင့်၊ရုံးထိုင်တရားသူကြီး၊တရားသူကြီးများအားကြည့်နေခဲ့သောပုံရိပ်ကိုမြင်ယောင်ရှုမြင်ဆုံးဖြတ်ပါက၊အမှားမကင်းသည့်တိုင်အထိုက်အလျောက်အမှားလျော့နည်းနိုင်ပါသည်။
ဖြစ်ကတတ်ဆန်းစီရင်ချက်ရေးခြင်းကိုထိရောက်စွာဟန့်တားပါလိမ့်မည်။
မြန်မာနိုင်ငံအပါအဝင်နိုင်ငံတကာတရားစီရင်ရေး၏မူတရပ်မှာ၊ကြောင်းကျိုးပြစီရင်ခြင်းဖြစ်ပါသည်။
ဆုံးဖြတ်ရန်အချက်အလက်အသီးသီးကို၊အကြောင်းပြဆုံးဖြတ်ရန်တရားမနှင့်ရာဇဝတ်ကျင့်ထုံးဥပဒေများတွင်ပြဌာန်းထားပါသည်။
၂၀၀၆ခုနှစ်ဇွန်လအတွင်းတွင်၊အမေရိကန်နိုင်ငံပြည်ထောင်စုတရားလွှတ်တော်ချုပ်က၊လိင်တူ(same sexes)အချင်းချင်းတွင်အကြင်လင်မယားအဖြစ်တရားဝင်ပေါင်းသင်းခွင့်ရှိကြောင်း၊ငါးမဲလေးမဲ(တရားလွှတ်တော်ချုပ်တွင်တရားသူကြီးကိုးဦးရှိပါသည်)ဖြင့်ဆုံးဖြတ်ရာ၌၊တရားသူကြီးအသီးသီး၏ဆုံးဖြတ်ချက်အခြေခံသောအကြောင်းပြချက်များကိုအကျဉ်းချုပ်ပြီးCNNကသတင်းလွှင့်ခဲ့သည်ကိုတွေ့ရပါသည်။သင်ခန်းစာယူသင့်ပါသည်။
စာရေးသူသည်၊သောင်းပြောင်းထွေလာဥပဒေပြဿနာစာအုပ်များတွင်ရှေ့နေရှေ့ရပ်များနှင့်တရားရုံးများ၏အမှားများကိုရည်ညွှန်းပြီး၊သက်ဆိုင်ရာဥပဒေအမှန်တို့ကိုဖော်ထုတ်ဆွေးနွေးပါသည်။
များမကြာမီကထုတ်ဝေသောဥပဒေပြဿနာအဖြာဖြာစာအုပ်တွင်လည်းအလားတူဆွေးနွေးပါသည်။
ယင်းမမှားသင့်သောအမှားများကို၊ရှေ့နေရှေ့ရပ်များနှင့်တရားရုံးများကထပ်မံမကျူးလွန်မိစေရန်အလို့ငှာသင်ခန်းစာယူရန်ဖြစ်ပါသည်။သို့သော်ကျူးလွန်မြဲကျူးလွန်သည့်သာဓကများကိုတွေ့နေရပါသေးသည်။ဥပဒေပြဿနာအဖြာဖြာစာအုပ်ကို၊ပညာဒါနစာစဉ်အဖြစ်ထုတ်ဝေရကျိုးမနပ်သေးပါ။
စာရေးသူသည်၊အမှားဆုံးဖြတ်ချက်များကိုဆွေးနွေးခြင်းသည်အမှားများမှသင်ခန်းစာရရှိရေးကိုသာလျှင်ဦးတည်ပါသည်။
အခြားရည်ရွယ်ချက်လုံးဝမရှိပါ။
အမှားဟုသိပါက၊အမှန်သို့အလိုအလျောက်ပို့ဆောင်ပေးရာရောက်သည်ဟု၊စာရေးသူကမမှိတ်မသုန်ယုံကြည်ပါသည်။
Comments
Post a Comment