Evolution ( တစတစပြောင်းလဲတိုးတက်မှု )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


Evolution(တစတစပြောင်းလဲတိုးတက်မှု)သည်နေ့စဉ်နှင့်အမျှဖြစ်ထွန်းလျက်ရှိသည်။


ဆင်ခြင်တွေးခေါ်မှုများတိုးတက်လာသည်နှင့်အမျှ၊တရားဥပဒေများအပေါ်အမြင်ကျယ်ကျယ်လျှောက်လဲကြသည်ကို၊မြန်မာဓလေ့ထုံးတမ်းဆိုင်ရာစီရင်ထုံးများတိုးတက်ဖြစ်ထွန်းလာခြင်းက၊သာဓကအဖြစ်ညွှန်ပြလျက်ရှိသည်။


စီရင်ထုံးသမိုင်းကိုလေ့လာလျှင်၊ထိုတိုးတက်ဖြစ်ထွန်းနေမှုကိုအထင်အရှားတွေ့မြင်နိုင်သည်။


၁၈၇၂ခုနှစ်မှ၂၀၁၃ခုနှစ်ကာလအတွင်းဖြစ်ထွန်းခဲ့သောစီရင်ထုံးများသည်၊ဥပဒေမျက်နှာစာအရပ်ရပ်ကိုလွှမ်းခြုံမိသေးသည်မဟုတ်။ကွက်လပ်များရှိဆဲဖြစ်သည်။တုတ်ထမ်းငြင်းရမည့်ဥပဒေပြဿနာများရှိဆဲဖြစ်သည်။


ပြည်ထောင်စုမြန်မာနိုင်ငံရှိတရားရုံးများစီရင်ရသောဥပဒေအချို့မှာ၊အိန္ဒိယနိုင်ငံရှိတရားရုံးများစီရင်ရသောဥပဒေများနှင့်တူပါသည်။


၁၈၇၂မှ၁၉၇၃ခုနှစ်ကာလအတွင်းထုံးပြုခဲ့သောစီရင်ထုံးများတွင်၊အိန္ဒိယနိုင်ငံစီရင်ထုံးများကိုလေ့လာကာမှုခင်းများကိုဆုံးဖြတ်ခဲ့ကြကြောင်းတွေ့မြင်နိုင်သည်။မြန်မာနိုင်ငံစီရင်ထုံးများတွင်ထုံးသာဓကမရှိခြင်းကြောင့်ဖြစ်သည်။


၁၉၆၂မှစ၍၊အိန္ဒိယနိုင်ငံတရားလွှတ်တော်များနှင့်တရားလွှတ်တော်ချုပ်တို့​၏စီရင်ထုံးများမြန်မာနိုင်ငံသို့မရောက်တော့သဖြင့်လေ့လာခွင့်မရခဲ့သည်မှာနှစ်၅၀ကျော်ပါပြီ။


ဤကာလအတွင်းအိန္ဒိယနိုင်ငံ၌ဆင်ခြင်တွေးခေါ်မှုများမည်မျှတိုးတက်သွားသည်မသိရ။ထိုနိုင်ငံတွင်တရားလွှတ်တော်အများအပြားရှိပါသည်။


တရားလွှတ်တော်ချုပ်ကနှစ်စဉ်ထုတ်ဝေလျက်ရှိသောစီရင်ထုံးများပင်ရာချီရှိသည်။တရားလွှတ်တော်စီရင်ထုံးများနှင့်ပေါင်းလျှင်၊နှစ်စဉ်စီရင်ထုံးများထောင်ချီ၍ပေါ်ထွက်လျက်ရှိသည်။မြန်မာနိုင်ငံဥပဒေပညာရှင်များလေ့လာခွင့်မရ။


ယခုအခါ Internet မှတဆင့်လေ့လာနိုင်သည်မှာမှန်သော်လည်း၊လေ့လာခွင့်အခွင့်အရေးမှာကန့်သတ်မှုရှိသည်။အင်္ဂလိပ်ဘာသာဖြင့်ရေးသောအချို့သောစီရင်ထုံးများကိုအပတ်တကုတ်လေ့လာပါမှနားလည်နိုင်သည်။


စီရင်ထုံးများမှာ၊ဥပဒေပညာရှင်များဖတ်ရန်ဖြစ်ရာအကြောင်းပြချက်ကို၊ကမှအ၊အထိအသေးစိတ်ရေးလေ့မရှိ။


1941 RLR 371 တွင်ပြဆိုထားသော-


"S 146 of the Code of Civil Procedure does not override the provisions of O 22 of the Code."


ဟူသောအဆိုအမိန့်သည်သာဓကဖြစ်သည်။


ထို့ကြောင့်ဆင်ခြင်နိုင်သည့်ပညာခံရှိပါမှနားလည်နိုင်သည်ကိုစာဖတ်သူငြင်းနိုင်ပါသလား။


စာရေးသူဖြည့်စွက်အကြောင်းပြချက်များကိုပင်လိုက်နိုင်ပါသလားစောကြောရန်လိုပါသည်။


ဝထ္ထုဖတ်သလိုဖတ်ရန်မဟုတ်ဘဲ၊ကျိုးကြောင်းဆင်ခြင်သည့်ပညာဖြင့်ဖြေးဖြေးဖတ်ပါမှ၊တဖြည်းဖြည်းသဘောပေါက်ပါလိမ့်မည်ဟုဆိုလျင်စာဖတ်သူကိုအထင်သေးသည်ဟုစွပ်စွဲပါက၊မှားမမှားစာဖတ်သူကိုယ်တိုင်ဆင်ခြင်ကြည့်ပါ။


ဥပဒေပညာရပ်မှာအပြောကျယ်လှပါသည်။ဆွေးနွေးချက်များအနေဖြင့်အပြောကျယ်ခြင်းကိုလက်ပိုက်ကြည့်နေရန်မဟုတ်။


စီရင်ထုံးများ၊စီရင်ချက်များကိုအမြဲမပြတ်လေ့လာလျှင်ကျိုးကြောင်းဆင်ခြင်သည့်ပညာတိုးတက်လာမည်မှာမုချဖြစ်သည်။


အားထုတ်မှုသည်သာအဓိကဖြစ်သည်။


ဘုရားအလောင်းမဟာဇနက္ကကိုအားကျအတုယူကာ၊ဥပဒေပညာကိုလေ့လာရန်ဖြစ်သည်။



Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ