ပဋိညာဉ်ဥပဒေအရအဟောသိကံဖြစ်စေမယ်ဆိုရင် Estoppel မရှိစေရဘူး

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

အရွယ်မရောက်သေးတဲ့လူကအရွယ်ရောက်တယ်ဆိုပြီးတော့ငွေသွားချေးတယ်။သူ့ကိုကြည့်တော့လည်းထွားထွားကျိုင်းကျိုင်းနဲ့အရွယ်ရောက်တဲ့ပုံပဲ။အရွယ်ရောက်တယ်ထင်ပြီးငွေချေးလိုက်တယ်။ကြွေးပြန်မရတော့သူ့ကိုတရားစွဲတယ်။အဲဒီတော့သူကငွေချေးတုန်းကသူအရွယ်မရောက်သေးဘူး။Birth Certifucate ပြတယ်။ဒါကြောင့်ငွေချေးတာတရားမဝင်ဘူးလို့အဲဒီလိုလုပ်တယ်။ချေးလိုက်တဲ့သူကဆုံးမလိုလိုဖြစ်နေပြီ။တရားလိုကပြောတယ်။ဒါ Estoppel ဖြစ်နေပြီပြောတယ်။

There is no estoppel against status တရားဥပဒေနဲ့ဆန့်ကျင်ပြီးတော့အပြီးသတ်ပိတ်ပင်ချက်မရှိစေရဘူး။ Estoppel ဖြစ်နေပြီပြောတယ်။ ပဋိညာဉ်ဥပဒေအရအဟောသိကံဖြစ်စေမယ်ဆိုရင်Estoppelမရှိစေရဘူး။

ငွေချေးတုန်းကအရွယ်ရောက်ပြီလို့ပြောခဲ့တယ်။အခုမှအရွယ်မရောက်သေးဘူးလို့ပြင်ပြောခွင့်မရှိဘူးလို့၊ပြောရင်ဖြင့်အရွယ်မရောက်သေးသူနဲ့လုပ်တဲ့ပဋိညာဉ်ဟာတရားဝင်တယ်လို့ပြောရာရောက်တယ်။ဒီလိုအဖြစ်မခံဘူး။ အရွယ်မရောက်သေးသူနဲ့လုပ်တဲ့ပဋိညာဉ်ပျက်တယ်လို့ဆိုရင်Estoppelဝင်မလာဘူး။

ရန်ကုန်စီရင်ထုံးအတွဲ၂စာမျက်နှာ၁ကျတော့၊အရွယ်ရောက်တဲ့လူကအရွယ်မရောက်သေးတဲ့လူဆီကငွေချေးတယ်။အထက်ကဥစ္စာရဲ့ပြောင်းပြန်ဖြစ်တယ်။မဆပ်တော့တရားစွဲတယ်။တရားပြိုင်ကမင်းနဲ့ငါလုပ်ထားတဲ့ပဋိညာဉ်ပျက်တယ်ဆိုပြီးထုချေတယ်။မင်းအရွယ်မှမရောက်သေးပဲလို့ပြောတယ်ဆိုရင်၊တရားရုံးကအဲဒီပဋိညာဉ်အတိုင်းဘာမှလုပ်ပေးလို့မရဘူး။တနည်းအားဖြင့် dead ဖြစ်တယ်။သေနေတဲ့စာချုပ်ကြီးပဲ။အဲဒီစာချုပ်အရ၊ရစရာရှိတာတွေလည်းမရဘူး။ပေးစရာရှိတာတွေလည်းမပေးဘူး။

2Ran1အမှုမှာအရွယ်ရောက်တဲ့သူကအနိုင်ကျင့်တာ။သတိထားရမယ့်အချက်က၊တရားရုံးဆိုတာတရားတဲ့ဘက်ကိုရပ်ရမယ်။အရွယ်မရောက်သေးတဲ့လူဆီကညာပြီးငွေချေးတယ်။ပြီးတော့ပြန်မပေးချင်တော့ပျက်တယ်ပြောတာကတရားမျှတပါ့မလား။

စီရင်ထုံးတွေကိုဆရာကဖတ်ပါလို့ပြောနေတာဟာတခြားကြောင့်မဟုတ်ဘူး။ကိုယ့်ရှေ့ကတရားသူကြီးတွေဟာ ဘယ်လောက်တရားတာလုပ်ခဲ့ကြတယ်ဆိုတာသိရအောင်ပဲ။တခါတရံမှာခက်ရာခက်ဆစ်ပြဿနာလေးနဲ့ကြုံတွေ့ရသော်လည်းတရားအောင်ဘယ်လိုအဖြေရှာကြသလဲဆိုတာ၊မိမိအလှည့်မှာလည်းတရားတာကိုဘယ်လိုဆောင်ရွက်ရမလဲသိရအောင်ဖတ်စေချင်တာ။

ရန်ကုန်စီရင်ထုံး၊အတွဲ၂၊စာမျက်နှာ၁အမှုကိုဆုံးဖြတ်သွားတာဟာ၊မြန်မာထဲကတတိယမြောက်တရားသူကြီးဦးဘိုးဟန်ဖြစ်တယ်။မြန်မာနိုင်ငံလွတ်လပ်ရေးသာရသွားတယ်။ တရားသူကြီးဟာဆယ်ယောက်တောင်မပြည့်ပါဘူး။

( High Court Judge )ကိုအင်္ဂလန်ကတိုက်ရိုက်ခန့်တာ။ဒီကဘုရင်ခံကဘာမှလုပ်လို့မရဘူး။လခလေးထောင်ပေးထားတယ်။အဲဒါတောင်ဆရာဦးဘိုးဟန်က၊အင်္ဂလန်ဘုရင်ဆီစာရေးတယ်။သူဗုဒ္ဓဘာသာဖြစ်လို့လူမသတ်နိုင်ဘူး။ #သေဒဏ်အတည်ပြုသည့်စီရင်ချက်တွေကိုမကိုင်ပါရစေနဲ့လို့ရေးတယ်။တရားသူကြီးချုပ်က It is your bounding duty. လုပ်ရမှာလို့လည်းပြောရော၊ဦးဘိုးဟန်ကထွက်တယ်ဆိုပြီးတော့အလုပ်ထွက်သွားတယ်။ရှေ့နေထွက်လုပ်တယ်။

ဦးဘိုးဟန်က2Ran1စီရင်ထုံးမှာ၊ပဋိညာဉ်မှာအရွယ်မရောက်သေးသူဘက်ကဘာမှဆောင်ရွက်ပေးဖို့အကြောင်းမရှိတော့ဘူး၊အရွယ်ရောက်တဲ့သူကသာဆောင်ရွက်ရမှာဖြစ်လို့ Void မဖြစ်ဘူးလို့အကြောင်းပြတယ်။ PrivyCouncilရဲ့စီရင်ထုံး30Cal543နဲ့ဖြစ်ရပ်ချင်းမတူဘူးလို့အကြောင်းပြတယ်။ပေးစရာရှိတာကိုဆက်ပေးဖို့အကြောင်းပြတယ်။

ပဋိညာဉ်ဆိုတာများသောအားဖြင့်နှစ်ဘက်ဆောင်ရွက်ဖို့ဖြစ်တယ်။ဒီအမှုကိုပဲတမျိုးပြောင်းမယ်။အရွယ်မရောက်သေးသူကပိုက်ဆံချေးပါမယ်လို့ပဋိညာဉ်ပြုထားတယ်။ပိုက်ဆံမပေးသေးဘူး။ချေးတဲ့သူကထုတ်မချေးသေးလို့ဒီငွေကိုရလိုကြောင်းတရားစွဲတာဆိုရင်တော့ပျက်မှာပဲ။

အရွယ်မရောက်သေးသူဘက်ကပိုက်ဆံပေးစရာရှိတဲ့ဆောင်ရွက်ချက်ရှိနေသေးတယ်။တနည်းအားဖြင့် အရွယ်မရောက်သေးသူဘက်မှလုပ်စရာရှိတာတွေလုပ်ဖို့ရန်တရားစွဲတာဟာဖြင့်ပျက်ပြယ်မှာဖြစ်တယ်။

ဒါကြောင့်ပဋိညာဉ်တိုင်းကိုပျက်တယ်ဆိုပြီးတော့ကြိုးချည်မှတ်ထားဖို့တော့မဟုတ်ဘူး။

ဖြစ်ရပ်ပေါ်မှာမူတည်ပြီးတော့စဉ်းစားသွားရမှာဖြစ်တယ်။

အရွယ်မရောက်သေးသူကိုတာဝန်Obligationတည်ရှိစေမဲ့ပဋိညာဉ်တွေကတော့ပျက်တယ်။

ပဋိညာဉ်အရအရွယ်မရောက်သေးတဲ့လူကိုဘာလုပ်ရမယ်၊ညာလုပ်ရမယ်ဆိုပြီးတော့ပါရင်တော့ပျက်မှာပဲ။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ