တရားဝင်သောအယူခံမှုများ၊ဒီကရီမိတ္တူမတင်မိခြင်း။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားဝင်သောအယူခံမှုများ
ဒီကရီမိတ္တူမတင်မိခြင်း
ဇာတ်များ၊အငြိမ့်များကပြသောဇာတ်ခုံခိုင်ပါမှအငြိမ့်ကိုကပြနိုင်သည်။
ထိုနည်းတူအယူခံတရားဝင်(competent)ပါမှ၊အယူခံကိုကြားနာခွင့်ရနိုင်သည်။
1962 BLR ( C C )152အမှုမှာပထမအယူခံမှုဖြစ်သည်။
1962 BLR ( C C )152
ဗွီ၊အိုင်၊အီး၊အိုင်စမိုလမ်စကဂျာ နှင့် အီဘရာဟင်ရန်းကုမ္ပဏီလီမိတက်
တရားသူကြီးချုပ်ဦးဘိုကြီးနှင့်တရားသူကြီးဦးစံမောင်တို့ရှေ့မှောက်တွင်
အမှုတွင်စီရင်ထုံးစာမျက်နှာ၁၅၃၌”ထို့နောက်၁၉၅၉ခုနှစ်၊ဩဂုတ်လ၁၂နေ့၌ယင်းကုန်တိုက်၏ရှေ့နေကြီးများကအယူခံလွှာတင်သွင်းပြီးလိုအပ်သောဒီကရီမိတ္တူကိုနောက်မှတင်သွင်းပါမည်ဟုဝန်ခံကတိပြုကြ၏။၁၉၅၉ခုနှစ်၊စက်တင်ဘာလ၁၈ရက်နေ့ကျမှသာလျှင်လိုအပ်သောဒီကရီမိတ္တူကိုတင်သွင်းသည်ဟုအယူခံမှုနေ့စဉ်မှတ်တမ်းတွင်ဖော်ပြထားသည်ကိုတွေ့ရသည်”ဟုဖော်ပြပြီးနောက်၊တရားရုံးချုပ်က”တရားမကျင့်ထုံးအမိန့်၄၁၊နည်း၁တွင်အတိအလင်းပြဌာန်းထားသည်မှာအယူခံတင်သွင်းရာ၌အယူခံလွှာနှင့်အတူအယူခံသောဒီကရီမိတ္တူနှင့်စီရင်ချက်မိတ္တူကိုပူးတွဲတင်ပြရမည်ဖြစ်သည်။စီရင်ချက်မိတ္တူကိုမူကားအယူခံရုံးတော်ကခွင့်ပြုလျှင်တင်သွင်းခြင်းမပြုဘဲနေနိုင်သည်။သို့သော်ဒီကရီမိတ္တူကိုအယူခံလွှာနှင့်အတူတင်သွင်းရမည်ဖြစ်သည်။ယင်းသို့ဒီကရီမိတ္တူနှင့်ပူးတွဲ၍အယူခံလွှာကိုတင်သွင်းခြင်းမပြုလျှင်ထိုအယူခံသည်တရားဝင်သောအယူခံမဟုတ်ချေ။”ဟုထုံးဖွဲ့သည်။
စီရင်ထုံးစာမျက်နှာ၁၅၄၌”ထို့ကြောင့်ဤအမှုတွင်အယူခံတရားလိုကုန်တိုက်သည်၁၉၅၉ခုနှစ်၊စက်တင်ဘာလ၁၈ရက်နေ့ကျရောက်မှသာလျှင်တရားဝင်သောအယူခံတင်သွင်းသည်ဟုဆုံးဖြတ်ရမည်ဖြစ်သည်”ဟုဆက်လက်သုံးသပ်သည်။
ဒီကရီမိတ္တူတင်သွင်းသောအခါအယူခံမှုမှာကာလစည်းကမ်းသတ်ကျော်နေကြောင်းညွှန်ပြကာ၊ခုံရုံးကစီရင်ချက်စာမျက်နှာ၁၅၄တွင်”ထို့ကြောင့်ယခုအယူခံမှုအားကာလစည်းကမ်းသတ်ကျော်လွန်ပြီးတင်သွင်းသည်ဖြစ်၍ပယ်ရမည်ဖြစ်သည်”ဟုဆုံးဖြတ်သည်။
အယူခံတရားလို၏ရှေ့နေသည်ဝါရင့်ရှေ့နေကြီးဒေါက်တာဘဟန်ဖြစ်သည်။
အယူခံလွှာကိုတရားရုံးချုပ်၌၎င်းကိုယ်တိုင်တင်သွင်းခြင်းဟုတ်မဟုတ်မသိရချေ။
၎င်းအမှု၌ဒေါက်တာဘဟန်နှင့်ပူးတွဲရှေ့နေလိုက်သောဦးညွန့်ဟန်၊တင်သွင်းခြင်းဖြစ်နိုင်သည်။
Comments
Post a Comment