ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၅၁၂ဖြင့်တရားစွဲတင်သည့်တရားခံပြေးမှုများတွင်၊ပြစ်မှုကျူးလွန်ကြောင်းတွေ့ရှိရသည်ဟုကောက်ယူသုံးသပ်နိုင်သလော ?
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၅၁၂ဖြင့်တရားစွဲတင်သည့်တရားခံပြေးမှုများတွင်၊ပြစ်မှုကျူးလွန်ကြောင်းတွေ့ရှိရသည်ဟုကောက်ယူသုံးသပ်နိုင်သလော။ ?
——————————————
2011 BLR 107
ဦးသိန်းဟန် နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပါ၂
ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦး
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသောဦးစိုးညွန့်နှင့်ဦးမြင့်ဟန်တို့ရှေ့တွင်
အမှုတွင်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်က၊စီရင်ထုံးစာမျက်နှာ၁၂၁နှင့်၁၂၂တွင်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“ထွက်ပြေးတိမ်းရှောင်နေသည့်တရားခံများနှင့်စပ်လျဥ်း၍မှင်ပြာသက်သေကိုစစ်ဆေးပြီးနောက်၊ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၈၇နှင့်၈၈တို့အရအရေးယူဆောင်ရွက်ပုံကိုတရားရုံးများလက်စွဲအပိုဒ်၅၁၃၊အပိုဒ်ခွဲ(၅)တွင်အောက်ပါအတိုင်းညွှန်ပြထားသည်-
“(၅)သက်သေခံချက်ကိုရေးမှတ်ယူပြီးသောအခါရာဇဝတ်တရားသူကြီးသည်ပြစ်မှုမှာလုံလောက်စွာယုတ္တိထင်ရှားခြင်းရှိမရှိစဉ်းစားဆင်ခြင်ရမည်။
ယုတ္တိထင်ရှားခြင်းရှိလျှင်ရာဇဝတ်တရားသူကြီးကပုဒ်မ၈၇နှင့်၈၈အရဆက်လက်ဆောင်ရွက်နိုင်သည်။
ပြစ်မှုမှာလုံလောက်စွာယုတ္တိထင်ရှားခြင်းမရှိလျှင်ရာဇဝတ်တရားသူကြီးသည်ကြော်ငြာစာထုတ်ရန်သော်လည်းကောင်း၊ပစ္စည်းဖမ်းဝရမ်းထုတ်ရန်သော်လည်းကောင်းငြင်းပယ်ရမည်။”
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၅၁၂ဖြင့်တရားစွဲတင်သည့်တရားခံပြေးမှုများတွင်တရားခံမျက်ကွယ်၌ရယူသည့်တရားလိုပြသက်သေများ၏သက်သေခံသည့်အချက်အလက်များအရပြစ်မှုလုံလောက်စွာယုတ္တိထင်ရှားခြင်းရှိကပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၈၇၊၈၈တို့အရဆက်လက်ဆောင်ရွက်ခြင်းဖြစ်ပြီး၊တရားခံသည်မည်သည့်ဥပဒေပုဒ်မ၊မည်သည့်ပြစ်မှုကျူးလွန်ကြောင်းတိတိကျကျသတ်မှတ်ဆောင်ရွက်ခြင်းမဟုတ်ပေ။
တရားခံကိုယ်တိုင်ရုံးရှေ့သို့လာရောက်ခုခံထားခြင်းမရှိသည့်အခြေအနေတွင်ရေးမှတ်ထားသည့်သက်သေခံချက်များကိုတရားခံကိုယ်တိုင်ရုံးရှေ့ရောက်ရှိသည့်အချိန်တွင်သက်သေခံအက်ဥပဒေပုဒ်မ၃၂ပါပြဌာန်းချက်များအရမှတပါးသက်သေခံအဖြစ်အသုံးမပြုနိုင်ပေ။
သို့ဖြစ်ရာတရားခံဒေါ်ဌေးဌေးမွန်အားတရားခံပြေးမှုအဖြစ်ဗဟန်းမြို့နယ်တရားရုံးတွင်ပြစ်မှုဆိုင်ရာအထွေထွေမှုအမှတ်၆၈/၂၀၁၇၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၄၂၀၊၄၆၇၊ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၅၁၂အရစတင်တရားစွဲဆိုစဉ်ကတရားခံဒေါ်ဌေးဌေးမွန်အပေါ်ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၈၇၊၈၈တို့အရဆောင်ရွက်ခဲ့စေကာမူတရားခံဒေါ်ဌေးဌေးမွန်အားဖမ်းဆီးရမိပြီးပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၄၂၀အရဗဟန်းမြို့နယ်တရားရုံး၊ပြစ်မှုကြီးအမှတ်၄၈၆/၂၀၀၉ဖြင့်ထပ်မံတရားစွဲဆိုရာတွင်တရားခံအနေဖြင့်ပြစ်မှုတရပ်ရပ်ကျူးလွန်ကြောင်းပေါ်ပေါက်ခြင်းရှိမရှိကိုထိုအမှုမှသက်သေခံအထောက်အထားများအရသာဆုံးဖြတ်ရမည်ဖြစ်ပေသည်။”
————————————————-
အထက်ပါစီရင်ထုံးလမ်းညွှန်ချက်အရ၊ 2021 BLR 1 စီရင်ထုံးစာမျက်နှာ၉ပါတရားလိုဒေါ်ခင်စန္ဒာမိုးကတရားခံဦးသန့်ဇင်အပေါ်ရာဇသတ်ကြီးပုဒ်မ၄၀၆အရစွဲဆိုသောအမှုတွင်ဦးသန့်ဇင်သည်အမှုမှထွက်ပြေးတိမ်းရှောင်နေသဖြင့်ရာဇဝတ်ကျင့်ထုံးဥပဒေ၅၁၂အရတရားခံပြေးမှုအဖြစ်ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
ထို့နောက်တရားခံဦးသန့်ဇင်သည်ပြစ်မှုကျူးလွန်ကြောင်းတွေ့ရှိရသဖြင့်၊ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၇၊၈၈အရဦးသန့်ဇင်ပိုင်ဆိုင်သောရွှေ့ပြောင်းနိုင်သောပစ္စည်း၊မရွှေ့မပြောင်းနိုင်သောပစ္စည်းများကိုဝရမ်းထုတ်ဆင့်ရာတွင်၊ဆိုသောသုံးသပ်ချက်၌”ပြစ်မှုကျူးလွန်ကြောင်းတွေ့ရှိရသဖြင့်”ဟူသောသုံးသပ်ချက်သည်”စကားကျွံ”သည်။
Comments
Post a Comment